
ကိုယ်ပေါ်မှာ လျှပ်စစ်ဓာတ်တွေဖြာထွက်နေသူ (သို့) Nikola Telsa
ရေးသားသူ – ဟိန်း ( HeinFiveStrings) နယူးယောက်မြို့၏လမ်းမတစ်ခုပေါ်တွင် ပြင်းထန်စွာကျနေသောမိုးသီးမိုးပေါက်များကိုအံတု၍ လူတစ်ယောက်ခပ်သုတ်သုတ်လျှောက်လာနေသည်။ ဖြတ်သန်းလူးလားနေသောသူများကလည်း သူ့ကိုစိတ်ဝင်တစားလည်ပြန်ကြည့်သွားကြစမြဲ။ ဟုတ်ပါသည်။ ရွှဲနစ်အေးစက်နေသောခန္ဓာကိုယ်၊ ဖြူဖျော့တုန်ရီနေသောနှုတ်ခမ်းတို့ဖြင့် ထိုလူသည် လက်ထဲမှ တစ်စုံတစ်ခုကို မိုးကာအင်္ကျီဖြင့် သေချာစွာပတ်ထား၏။ သူကိုယ်တိုင်ကားမဝတ်။ နံဘေးမှဖြတ်သွားသော ရထားလုံးတစ်စီးကို လှမ်းတားမည်ဟု ကြံရွယ်ပြီးမှ သူ့တွင် အမေရိကန်ငွေ ၄ဆင့်သာပါသည်ကို သတိရသဖြင့် စိတ်ကိုပြန်လျှော့လိုက်၏။ အတန်ကြာဆက်လျှောက်ပြီးသော် တစ်နေရာအရောက်တွင် ရပ်လိုက်သည်။ မိုးစက်တို့ကြောင့် မျက်လုံးကိုလက်ဝါးဖြင့်ကာ၍ သေချာအောင်ကြည့်လိုက်၏။ …