စိတ်အတွက် အဟာရလေးများ

 

၁)

တခါက လူတုံးလူအ တယောက်သည် ဈေးထဲတွင် လှည့်လည် ကျက်စားနေသည်။

လူများက သူ့အား နည်းအမျိုးမျိုးဖြင့် စနောက်ကြသည်။

လူတွေ အမြဲစနောက်သော နည်းတခုမှာ လက်ဖဝါးပေါ်တွင် ၅ကျပ်တန်နှင့် ၁၀ကျပ်တန်ကိုတင်ပြီး သူ့အား ရွေးယူစေသောနည်းဖြစ်သည်။

သူသည် အမြဲတမ်း ၅ကျပ်တန်ကိုသာ ရွေးယူခဲ့သည်။

လူများက သူ့အား တုံးအသောသူ၊ စိတ်မနှံသောသူ၊ ၅ကျပ်နှင့်၁၀ကျပ် မည်သည်က ပိုတန်ဖိုးရှိသည်ကို မသိသောသူဟု ထင်ပြီး ဝိုင်းလှောင်ကြသည်။

ဈေးထဲသို့ သူ ဖြတ်သွားတိုင်း လူများက ထိုနည်းကို အသုံးပြုပြီး အမြဲ စနောက်ခဲ့ကြသည်။

တနေ့သော် အဘွားအိုတဦးက သိလိုစိတ်ဖြင့် မေးလိုက်မိသည်။

“နင် တကယ်ပဲ ငါးကျပ်နဲ့ ဆယ်ကျပ်ကို မခွဲတတ်ဘူးလား”

ထိုအခါ ထိုသူသည် ပြုံးလျှက် ..“တကယ်လို့ ကျွန်တော် တဆယ်တန်ကို ယူလိုက်ရင် နောက်တခါ သူတို့ ကျွန်တော့်ကို အဲလို စကြတော့မှာ မဟုတ်ဘူး”

“လူပြိန်းတွေက ပိုက်ဆံပေးပြီး သင်ယူတယ်။

လူတော်တွေက အဲဒီလူပြိန်းရဲ့ ပိုက်ဆံနဲ့ ပြန်သင်ယူတယ်။

(ဘရာဇီး စကားပုံ)”

(၂)

တခါက လူတဦးသည် သင်္ဘောဖြင့် အင်္ဂလန်သို့ ခရီးထွက်လေသည်။

လမ်းခရီး တနေရာရောက်သော် လေပြင်းမုန်တိုင်းနှင့် တိုးခဲ့သည်။

လူအများက ကြောက်လန့်တကြား ပြေးလွှား နေကြသော်လည်း အဘွားအို တဦးမှာ တည်တည်ငြိမ်ငြိမ်နှင့် ဘုရားကိုသာ အာရုံပြုနေသည်ကို သူ တွေ့မိလေသည်။

မုန်တိုင်း ဆဲသောအခါ သူက အဘွားအိုအား မကြောက်ဘူးလား ဟု သွားရောက်မေးမြန်းခဲ့သည်။ အဘွားအိုက. . .

“အဘွားမှာ သမီး နှစ်ယောက်ရှိတယ်။

သမီးကြီးက ဘုရားသခင်ရဲ့ အလိုတော်အတိုင်း နတ်ပြည်ရောက်နေပါတယ်။

သမီးငယ်က အင်္ဂလန်မှာပါ။

လေပြင်းမုန်တိုင်းကျတုန်းက အဘွား ဆုတောင်းမိပါတယ်။

တကယ်လို့ အဘွားကို နတ်ပြည်ပို့မယ်ဆိုရင် သမီးကြီးကို အဘွား သွားကြည့်လို့ရပြီ။

တကယ်လို့ အသက်ရှင် ရက်ရှိမယ်ဆိုရင် သမီးငယ်ကို သွားကြည့်လို့ရပြီ။

ဘယ်ကိုသွားသွား အတူတူပဲမို့ အဘွားမကြောက်ခဲ့ပါဘူး”

“ဘ၀ ဆုံးရှုံးသွားမှာကို မစိုးရိမ်ပါနဲ့…..ဘ၀ မစရသေးတာကိုပဲ စိုးရိမ်ပါ။”
(ဒါရိုက်တာ Curtis Hanson)

(၃)

တခါက သေးငယ်သော ပန်းကလေးတပွင့်သည် သစ်ပင်ကြီး တပင်အောက်ရှိ အရိပ်၌ မှီခိုပြီး ပေါက်နေသည်။

သစ်ပင်ကြီးက သူ့အား မိုးဒဏ် လေဒဏ် ကာကွယ် ပေးထားသည်ဟု ဆိုပြီး ပန်းကလေးမှာ ပျော်ရွှင်နေခဲ့သည်။

တနေ့တွင် လူတစု ရောက်ရှိလာပြီး သစ်ပင်အား ခုတ်ယူသွားခဲ့သည်။

ပန်းကလေးမှာ ဝမ်းနည်းပြီး ငိုကြွေးလေသည်။

“ ဘယ်လိုလုပ်မလဲ င့ါကို အမြဲ အကာအကွယ်ပေးတဲ့ သစ်ပင်ကြီးမရှိတော့ဘူး။

လေတွေ မိုးတွေက ငါ့ကိုလဲပြိုအောင် တိုက်ကြတော့မယ်”

သူ၏ငိုသံကိုကြားသော အနီးရှိ သစ်ပင်တပင်က…..
“အဲဒီလို မတွေးနဲ့လေ။

သစ်ပင်ရဲ့ အရိပ်မရှိတော့ နေရောင်ခြည်က ခင်ဗျားကို စောင့်ရှောက်လိမ့်မယ်။

နှင်းစက်တွေက ခင်ဗျားကို ရေဓာတ်တွေပေးလိမ့်မယ်။

ခင်ဗျားရဲ့ သေးငယ်တဲ့ ခန္စာကိုယ်ဟာ သူတို့ရဲ့ အကူအညီနဲ့ သန်မာလာလိမ့်မယ်။

ခင်ဗျားရဲ့ ကိုယ်ပေါ်မှာ ပန်းတွေဝေပြီး နေရောင်ခြည်အောက်မှာ ခင်ဗျားဟာ ပိုလှနေလိမ့်မယ်။

လူတွေတွေ့ရင် ဒီပန်းကလေးဟာ လှလိုက်တာလို့ ချီးကျူးကြလိမ့်မယ်”

“တိမ်ညိုတွေ မရှိခဲ့ရင်၊ မိုးသက်လေပြင်းတွေ မကျခဲ့ရင် လှပတဲ့ သက်တန့်ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ (. . . .)”

(၄)

တစ်ခါက လူတဦးသည် မြစ်ဘေးတွင် ငါးမျှားလေသည်။

ငါးတစ်ကောင် မိတိုင်း အရင်ဆုံး တိုင်းထွာ ကြည့်ပြီး မိမိ လိုချင်သော အတိုင်းအတာထက် ကြီးမားနေပါက ငါးများကို မြစ်ထဲသို့ ပြန်လွတ်တတ်သည်။

အခြားငါးမျှားသူများ မြင်သော် ထူးဆန်းသဖြင့် သွားရောက်မေးမြန်း လေသည်။

“လူတိုင်းက ငါးကြီးကြီးရဖို့ မျှော်လင့်ကြတယ်။

ခင်ဗျားက ငါးကြီးရတိုင်း ပြန်လွတ်လိုက်တယ်။

ဘာဖြစ်လို့လဲ”
“ငါးကြီးရင် ကျွန်တော့်အိမ်က အိုးနဲ့ မဆန့်မှာစိုးလို့။ အိုးက ဒီကြိုး အတိုင်းအတာပဲ ရှိလို့ပါ”

“လိုအပ်သလောက်…သုံးနိုင်သလောက်ပဲ ယူပါ…လောဘမကြီးပါနဲ့။”

(၅)

တစ်ခါက ကျီးတစ်ကောင်သည် အရှေ့အရပ်သို့ ပျံသန်းရန် ထွက်ခွာလာခဲ့သည်။

လမ်းတွင် ခိုတစ်ကောင်နှင့် တွေ့ပြီး သစ်ပင်တစ်ပင်တွင် အတူ နားမိကြသည်။

ပင်ပန်းနေသော ကျီးကိုမြင်သော် ခိုက “အသင့်ကျီး အသင်ကြည့်ရသည်မှာ ခရီးဝေးက လာပုံရတယ်။

ဘယ်ကိုများ ပံျသန်းမလို့ပါလဲ” ဟုမေးလေသည်။

ကျီးက “အကျွနု်ပ်နေသော အရပ်ရှိ လူများက ကျွနု်ပ်၏အသံအား နားဝင်မချိုဟု ဆိုသောကြောင့် အခြားအရပ်သို့ ပြောင်းရွေ့ရန် ပျံသန်းနေခြင်း ဖြစ်ပါတယ်” ဟုဖြေလေသည်။

ထိုအခါ ခိုက “ အကယ်၍ သင့်အသံအား သင် မပြောင်းလဲခဲ့လျှင် အသင် ဘယ်ရောက်ရောက် လူတွေက ကြိုဆိုကြမှာ မဟုတ်ဘူး။

ပျံသန်းခြင်းဖြင့် သင့်အင်အား ကုန်ရုံသာဖြစ်မယ်” ဟု ပြောလိုက်သည်။

“အကယ်၍ ပတ်ဝန်းကျင်ကို သင်မပြောင်းလဲနိုင်ခဲ့သော် ပြောင်းလဲနိုင်သော တစ်ခုတည်းသော အရာမှာ မိမိကိုယ်တိုင်ပင်ဖြစ်သည်။”

Forward Mail မှ

Leave a Reply

Your email address will not be published.